Overseas Chinese History Museum

မြန်မာနိုင်ငံတစ်ဝန်း စစ်ဘေးဒုက္ခသည် ၁ ဒသမ ၄ သန်းရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က အောက်တိုဘာ ၃၁ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
စစ်တပ်ကအာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစတင်ပြီး တိုက်ပွဲတွေနဲ့ မလုံခြုံမှုတွေကြောင့် စစ်ဘေးဒုက္ခသည် ၁ ဒသမ ၁ သန်းအထိရှိလာသလို အာဏာမသိမ်းခင်က စစ်ဘေးဒုက္ခသည် သုံးသိန်းသုံးသောင်း ရှိခဲ့တာလို့ UNOCHA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အာဏာမသိမ်းခင်ရှိခဲ့တဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာတော့ အများစုက ရခိုင်၊ ကချင်၊ ချင်းနဲ့ ရှမ်းပြည်နယ်တွေကဖြစ်တယ်လို့ ဆိုပါတယ်။
UNOCHA ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းက စစ်ဘေးဒုက္ခသည် ခြောက်သိန်းကျော် (၆၁၂,၄၀၀) နဲ့ အများဆုံးအဖြစ်နေပြီး ဒုတိယအများဆုံးကတော့ ဒုက္ခသည်တစ်သိန်းကျော် (၁၁၁,၈၀၀) ရှိနေတဲ့ မကွေးတိုင်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ကတော့ စစ်တပ်အာဏာမသိမ်းခင်က စစ်ဘေးဒုက္ခသည်နှစ်သိန်းကျော် (၂၁၉,၀၀၀) ရှိသလို အာဏာသိမ်းပြီးနောက် စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် (၁၃,၁၀၀) ထပ်တိုးလာတာကြောင့် စုစုပေါင်းဒုက္ခသည် နှစ်သိန်းသုံးသောင်းကျော် ရှိနေပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ တိုက်ပွဲတွေဆက်လက်ဖြစ်နေတာကြောင့် အရပ်သားပြည်သူတွေ အတွက် ဘေးအန္တရာယ် ဆက်ဖြစ်ပေါ်နေတယ်လို့လည်း UNOCHA က ရေးသားထား ပါတယ်။
ဒီနေ့ ထုတ်ပြန်ဖော်ပြချက်တွေကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်မှာ ထပ်ပြီးဖြည့်စွက်ဖော်ပြ သွားမယ်လို့လည်း UNOCHA က ထည့်သွင်းရေးသားထားပါတယ်။