Overseas Chinese History Museum

မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လေးနှစ်အတွင်း အနိမ့်ဆုံးဖြစ်
မြန်မာနိုင်ငံရဲ့ အခု ၂၀၂၂ ခုနှစ် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဟာ လွန်ခဲ့တဲ့လေးနှစ်နဲ့ နှိုင်းယှဉ်ရင် အနည်းဆုံးဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) စားရင်းတွေကို ကိုးကားပြီး ISP-Myanmar က စက်တင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လေးနှစ်ရဲ့ ပထမခုနှစ်လပတ်တွေနဲ့ လက်ရှိ ၂၀၂၂ ခုနှစ် ပထမခုနှစ်လပတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စာရင်းတွေကို နှိုင်းယှဉ်ပြီး ISP-Myanmar က ဖော်ပြခဲ့တာပါ။
စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု (FDI) ဟာ တစ်ဝက်ကျော်အထိ ကျဆင်းခဲ့တာဖြစ်ပါတယ်။
လက်ရှိ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံကျော် ရှိတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီအထဲမှာ ပြီးခဲ့တဲ့ဇွန်လက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆.၅၉ သန်းရှိခဲ့ ပြီး ဇူလိုင်လမှာတော့ ဇွန်လထက် အဆ (၁၈၀) ခန့်ပမာဏရှိတဲ့ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံနီးပါးအထိ မြင့်တက်လာခဲ့ပါတယ်။
အခုနှစ် ဇူလိုင်လအထိ ခုနှစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားလုံးထဲမှာ အာဆီယံ နိုင်ငံတွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံကျော်နဲ့ အများဆုံးဖြစ်နေပါတယ်။
တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကတော့ အမေရိကန်ဒေါ်လာ ၂၅၇ သန်းကျော်နဲ့ ဒုတိယ အများဆုံးရှိပါတယ်။
ဇူလိုင်လကုန်အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံဟာ နိုင်ငံပေါင်း ၁၃ နိုင်ငံက ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပုံမှန်ရင်းနှီးမြှုပ်နှံမှု လုပ်နေတဲ့ နိုင်ငံပေါင်း ၅၂ နိုင်ငံမှာ နိုင်ငံပေါင်း ၃၉ နိုင်ငံကတော့ ရင်းနှီးမြှုပ်နှံမှု မရှိတော့ဘူးလို့ ISP-Myanmar က ဖော်ပြထားပါတယ်။