Overseas Chinese History Museum

ဘုရားသုံးဆူမြို့နယ်ခွဲ၊ မက္ကသာကျေးရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်များ ခိုလှုံရာ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီး
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ဘုရားသုံးဆူမြို့နယ်ခွဲ၊ မက္ကသာကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာလ ၆ ရက် ယနေ့နံနက် ၃ နာရီဝန်းကျင်တွင် လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် မက္ကသာ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
ယခင်က အဆိုပါ ဘုန်းကြီးကျောင်းတွင် ဒေသခံရွာသားများ ခိုလှုံနေကြသော်လည်း ယခု စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ချိန်တွင် လူထိခိုက်မှု မရှိခဲ့ကြောင်း သိရှိရသည်။
“ဒီဒေသတွင်းမှာ တိုက်ပွဲတွေဖြစ်တော့ ကျောင်းထိုင်ဘုန်းကြီးက အရင်ရက်တွေကတည်းက ရှောင်သွားပြီ၊ ဘုန်းကြီးရှောင်သွားတော့ ပြည်သူတွေလည်း ဘုန်းကြီးကျောင်းကို မသွားကြတော့ဘူး၊ အဲဒါကြောင့် ပြည်သူတွေ မထိတာ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အခြားဒေသခံတစ်ဦး၏ ပြောဆိုချက်အရ ယင်းဘုန်းကြီးကျောင်းမှ ကိုရင်နှစ်ပါး ပျောက်ဆုံးနေကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်၏ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘုန်းကြီး ကျောင်းအတွင်းရှိ ကျောင်းဆောင်တစ်ခုပျက်စီးကြောင်း ရန်ကုန်ခေတ်သစ်က အတည်ပြုနိုင်ပြီး အခြားထိခိုက်ပျက်စီးမှုများကို အသေးစိတ်သိရှိနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။
အဆိုပါဒေသသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆၊ ဒူးပလာယာခရိုင် အုပ်ချုပ်နယ်မြေအတွင်း တည်ရှိပြီး စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားလျှက်ရှိသည်။
ဘုရားသုံးဆူမြို့အနီး ဘုရားတောင်စစ်တပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့က စက်တင်ဘာလ ၂၈ ရက်နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီသည် ကြာအင်းဆိပ်ကြီးအခြေစိုက် တပ်ရင်းများမှတဆင့် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်း၊ ကင်းထောက်နှင့် တိုက်လေယာဉ်များ မကြာခဏ ဝဲပျံခြင်း၊ ဗုံးကျဲပစ်ခတ်ခြင်းများ ပြုလုပ်နေသည်။


评论

发表回复

您的电子邮箱地址不会被公开。 必填项已用 * 标注