Overseas Chinese History Museum

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၉ စက်တင်ဘာ ၂၀၂၂ )

အမျိုးသားညီညွတ်ရေး အစိုးရ

· အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍရေး နှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက Spring Mandalay Investment အဖြစ် ‘ပြည်တော်ဝင်ပြီး နန်းသိမ်းမယ်’ စီမံကိန်း ပြုလုပ်သွားမည် ဖြစ်ကြောင်း အသိပေး ကြေညာခဲ့သည်။

· အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်း လူသားချင်းစာနာမှု အကူအညီအတွက် ကျပ်ငွေ ၂၅၉ ဒသမ ၄၀ သန်း အထိ ထောက်ပံ့ထားသည်ဟု လူသားချင်း စာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

· စက်တင်ဘာ ၁၈ ရက် ယမန်နေ့က တစ်ရက်တည်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် အယောက် ၆၀ သေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ခဲ့သည်။

· မြေပြင်တိုက်ပွဲများ ပြင်းထန်နေသည့် ချင်းပြည်နယ် နှင့် မကွေးတိုင်းဒေသကြီးအတွင်းက စစ်အာဏာရှင်တိုက်ထုတ်ရေး နွေဦးတော်လှန်ရေး တိုက်ပွဲများတွင် လိုအပ်ချက်များ ဖြည့်ပေးနိုင်ရန်အတွက် “မမများနဲ့ပွဲကမယ်” တတိယ ပရောဂျက် စတင်နေပြီး လတ်တလောအချိန်ထိ ၄၈ ရာခိုင်နှုန်း ရရှိထားသည်ဟု ထုတ်ပြန်ထားသည်။

· NUG အစိုးရမှ D-Day ကြေညာသည့် ရက်မှစ၍ တစ်နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် မြိတ်ခရိုင် တပ်ရင်း (၁)၊တပ်ရင်း (၂)တို့ကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၂၃၆ ဦးခန့် သေဆုံးခဲ့ပြီး ၂၇၈ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သက်ဆိုင်ရာတပ်ရင်း နှစ်ခု၏ ထုတ်ပြန်ချက်အရ သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အောင်သာရွာကို အကြမ်းဖက်စစ်တပ်က စက်တင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းတွင် ပစ်ခတ်ဝင်ရောက် စီးနင်းခဲ့ပြီး ဘုန်းကြီးကျောင်း အပါအဝင် ရွာလုံးကျွတ်နီးပါး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

· စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဒေသခံပြည်သူများ နှင့် VAKOK CNDF တပ်ဖွဲ့တို့ ပူးပေါင်းကာ ယနေ့ စက်တင်ဘာ ၁၉ ရက်က ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်အဖြစ် ဆက်ခန့်ထားရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်း နှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိရွာများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှု ၅၅၇ ရက်မြောက်အဖြစ် ယနေ့ စက်တင်ဘာ ၁၈ ရက်တွင် ဆက်လက်ချီတက်ဆန္ဒပြသည်။

· စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ အကြမ်းဖက် စစ်တပ် စခန်းအနီး “UN, Prove Your Existence for Justice” စာတန်း ကိုင်ဆောင်ကာ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် ဆက်ခန့်ထားရေး ညောင်ပင်ကြီး-ဂန့်ဂေါ လမ်းပိုင်းပေါ် ယနေ့ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဒေသခံပြည်သူများက ဦးကျော်းမိုးထွန်းကို ကုလသံအမတ်ကြီးအဖြစ် ဆက်လက်ခန့်ထားရန် နှင့် စစ်အာရှင် အမြစ်ပြတ် ချေမှုန်းရေး ဆန္ဒပြသပိတ်ကို ယနေ့ ပြုလုပ်ခဲ့သည်။

· စစ်ကိုင်းတိုင်း၊ ကလေး၀မြို့နယ်၊ မစိန်စံပြကျေးရွာရှိ ရဲကင်းစခန်းကို ယမန်နေ့ စက်တင်ဘာ ၁၈ ရက်၊ နံနက် ၅ နာရီခန့်က အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်စီးနင်းပြီး ရဲ ၄ ဦး၊ စခန်းမှူး သားဖြစ်သူ စုစုပေါင်း ၅ ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

· စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက်၊ နန္ဒဝန်စျေးတွင် စျေးဝယ်နေသည့် လင်မယားနှစ်ဦး စက်တင်ဘာ ၁၉ ရက် ၊ မနက် ၉ နာရီခွဲခန့်က ဆိုင်ကယ်စီးလာသူ နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွား၍ အမျိုးသား သေဆုံးပြီး အမျိုးသမီး ဒဏ်ရာအပြင်းအထန်ရခဲ့သည်ဟု ဒေသခံများက ပြောသည်။

· စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ မြိုရှောင်လမ်းပေါ်တွင် ဈေးဝယ်ရန် လာသူ အမျိုးသားတစ်ဦး စက်တင်ဘာ ၁၉ ရက်၊ နံနက် ၁၀ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ဒေသခံများထံက သိရသည်။

· စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ မြို့မရဲစခန်း နှင့် ထွေ/အုပ်ရုံးကို PDF တပ်ဖွဲ့ ၁၆ ဖွဲ့ကျော်က စက်တင်ဘာ ၁၇ ရက်၊ ညနေပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၆ ဦးသေဆုံးကြောင်း PDF မဟာမိတ်တပ်များက ပြောသည်။

· စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် နှင့် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့အမည်အလွဲ သုံးစားပြုလုပ်ကာ ခြိမ်းခြောက်ငွေတောင်းခံမှုများ ပြုလုပ်နေကြောင်း ဒေသတွင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့များက ပြောသည်။

· သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကမ္ဘာ့ကုလသမဂ္ဂတွင် ဆက်လက်ခန့်ထားရေး နှင့် အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး မကွေးတိုင်း၊ ဆောမြို့နယ်ရှိ ပြည်သူ ၂,၀၀၀ ဝန်းကျင်ခန့်သည် စက်တင်ဘာ ၁၉ ရက်၊ နံနက် ၈ နာရီခွဲခန့်တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· မကွေးတိုင်းအတွင်း ဗကသများ အဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ (ပခုက္ကူဒေသ)မှ ဦးဆောင်ပြီး “မြေပေါ်မြေအောက် လက်တွဲလျှောက်၊ ထောင်တွင်းတိုက်ပွဲ တို့တိုက်ပွဲ” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟောပြောပွဲများ ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

· မန္တလေးတိုင်း၊ တောင်သာမြိုနယ်၊ သာယာမြိုင်ကျေးရွာစုအုပ်ချုပ်ရေးမှူး နှင့် ရွာသားတစ်ဦးတို့ စက်တင်ဘာ ၁၉ ရက်၊ နံနက် ၆ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

· မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာ ၁၉ ရက်တွင် ပရိတ်ရွတ်မေတ္တာပို့ပြီး စစ်အာဏာရှင် တော်လှန်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

· မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အတွင်းမှ အုတ်စက်လုပ်သားအချို့ကို စစ်ကောင်စီတပ်ဖွဲ့က စက်တင်ဘာ ၁၈ရက်၊ ညပိုင်းက ဖမ်းဆီးသွားကြောင်း အုတ်စက် အလုပ်သမားခေါင်းတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

· ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Phoenix D.F ရဲဘော်များက ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေးအတွက် ယနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သိရသည်။

· ပဲခူးတိုင်း၊ ပဲခူးရိုးမသို့ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို စက်တင်ဘာ ၁၈ ရက်၊ မွန်းလွဲ ၁၂ နာရီခန့်က တောင်ငူခရိုင် PDF တပ်က တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးကြောင်း တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ ထံက သိရသည်။

· ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲ ၊KIA PDF NUG ထောက်ခံပွဲနှင့် အကြမ်းဖက် စစ်ကောင်စီ အမြစ်ပြတ် ချေမှုန်းရေးသပိတ် ယနေ့ချီတက်ပြုလုပ်ခဲ့ကြသည်။

· မိုးဗြဲမြို့ရှိ နေရာအများစုတွင် အကြမ်းဖက်စစ် ကောင်စီတပ်ဖြန့်လာပြီး တိုက်ပွဲများအချိန်မရွေး ဖြစ်လာနိုင်ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က ယနေ့ စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်သည်။

· ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၁) ရှိ ယာဥ်ထိန်းရုံးနှင့် မြို့အဝင် မုခ်ဦးအနီးရှိ စစ်ကောင်စီတပ်စခန်း (ကညန)ရုံးတို့အား ဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း သျှမ်းပြည်မြောက်ပိုင်း မဟာမိတ်တပ်ရင်း (NSSAA) က ယနေ့ စက်တင်ဘာ ၁၉ ရက်က သတင်းထုတ်ပြန်သည်။

· ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တရားရုံးတွင် စက်တင်ဘာ ၁၉ ရက်၊ နေ့လယ် ၂ နာရီခန့်က ဗုံးခွဲတိုက်ခိုက်ခံရပြီး လူထိခိုက်မှုရှိ၊မရှိ မသိရသေးသော်လည်း ရုံးအဆောက်အဦး နှင့် ကား၊ဆိုင်ကယ်အချို့ ပျက်ဆီးသွားကြောင်း အခင်းဖြစ်အနီး နေထိုင်သူများထံက သိရသည်။

· ရှမ်းတောင် အမှတ် (၁၀၀၈) တပ်ရင်း (SSRY) မှ ရှေ့တန်းရောက် ရဲဘော်များအတွက် လက်နက်ခဲယမ်းဖြည့်တင်းရေး ၁၅ ရက်အတွင်း သိန်း ၄၇၀ ရရန် လိုအပ်နေသည်ဟု ဗဟို ဦးဆောင်ကော်မတီဝင် နိုင်းနိုင်းက ပြောသည်။

· အာဏာရှင်စနစ် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ စက်တင်ဘာ ၁၉ ရက်တွင် “အပြစ်မဲ့တဲ့ကလေးတွေရဲ့ စာသင်ကျောင်းဟာ မင်းတို့စစ်အုပ်စုရဲ့ ရန်သူသဖွယ် စစ်မြေပြင်တဲ့လား လူယုတ်မာ မင်းအောင်လှိုင်။ မင်းတို့အုပ်စု မကြာမှီဝဋ်လည်ပါစေ” စာတန်းများ ကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

· မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ ရှိ NLD (OC) International အဖွဲ့ နှင့် မြန် မာ မိသားစုများက အာဏာသိမ်း စစ်ကောင်စီကို တော်လှန်နေသော နွေဦးတော်လှန်ရေးအတွက် လက်ဝတ်ရတနာမျိုးစုံ ၆၁ စုံကို ရွှေဝါရောင် ဆရာတော် အရှင်ထာဝရ(နော်ဝေ) ထံ စက်တင်ဘာ ၁၈ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။

· စားသောက်ကုန် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ချုပ် – IUF ( International Union of Food, Agricultural, Hotel, Resturant, Catering, Tobacco and Allied Worker’s Associations ) မှ ဦးဆောင်ကာ ခေါင်းဆောင်များ၏ ကုလသမဂ္ဂ သံတမန်တိုက်ပွဲအတွက် မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံသော ဓာတ်ပုံ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ ရက္ခိုင့်တပ်တော် (AA) ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်တို့ ယခုလအတွင်း တွေ့ဆုံမှုကနေ ရလဒ်ကောင်းများ ရရှိခဲ့သည်ဟု AA

ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

· အာဏာသိမ်း စစ်ကောင်စီ၏ ဝါဒဖြန့်နေသော သတင်းထောင်ချောက်များကို သတိထားစောင့်ကြည့်ရန် ရခိုင်ပြည်သူများ အပါအဝင် မြန်မာပြည်သူများကို တိုက်တွန်းလိုကြောင်း ရက္ခိုင့်တပ်တော် (AA) ဒုစစ်ဦးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်က ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တိုက်တွန်းပြောသည်။

· အကြမ်းဖက်စစ်ကောင်စီက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကို မီးတိုက်ဖို့ ပြင်ဆင်နေသည်ဟု ရက္ခိုင့် တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက စက်တင်ဘာ ၁၉ ရက်က ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

· ရခိုင်ပြည်နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ မရှိသလို ရခိုင်ပြည်နယ် နှင့် ထိစပ်နေသော အခြားဒေသများမှ နယ်မြေခံ PDF တပ်များနှင့်လည်း စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်ခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခက ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

· မြန်မာနိုင်ငံကနေ နေရပ်စွန့်ခွာ သွားကြသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ (ဘင်္ဂါလီ) ဒုက္ခသည်များကို ပြန်လည်လက်ခံမည်ဟု ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

· တိုက်ပွဲများပြင်းထန်နေသည့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့အတွင်း စစ်ကောင်စီဘက်မှ တပ်အင်အား ၉,၀၀၀ ကျော်အထိ တပ်ဖြန့်ချထားကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ဆိုသည်။

· အာဏာသိမ်း စစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား ယခုလပိုင်းအတွင်း တစ်ကျော့ပြန် တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေစဉ် စစ်တပ်ဘက်မှ လက်နက်နှင့်တကွ ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ထံ လာရောက် ပူးပေါင်းသူ ၁ဝ ဦးထက်မနည်း ရှိကြောင်း ယနေ့ သတင်းစာရှင်းလင်းပွဲတွင် AA တပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခက ပြောသည်။

· ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်တွင် စက်တင်ဘာ ၁ ရက် မှ ၁၅ ရက် အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အရာရှိများ အပါအဝင် ၅၁ ဦး သေဆုံးခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။

· ချင်းအမျိုးသားအဖွဲ့ချုပ် (CNO ) ထိန်းချုပ်နယ်မြေအတွင်းရှိ ကျောင်းသား/ကျောင်းသူများအတွက် ပုံနှိပ် စာအုပ်များကို CNO ပညာရေးဌာနဦးဆောင်မှုဖြင့် ကျောင်းသုံးပုံနှိပ် စာအုပ်များ ထုတ်ဝေလျက်ရှိပြီး မကြာမီ အချိန်အတွင်း ကျောင်းသုံးပုံနှိပ်စာအုပ်များကို

ကျေးရွာအသီးသီးရှိကျောင်းများသို့ သင်ကြားရေးအတွက် အသုံးပြုနိုင်ရန် ဖြန့်ဝ‌တော့မည်ဟု သိရသည်။

· ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် ၁၈ လတာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၄၁၉ယောက် သေဆုံးခဲ့ကြောင်း CDF-Hakha Council က စက်တင်ဘာ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်သည်။

စစ်ကောင်စီ

· စစ်ကောင်စီ ဝါဒဖြန့်ချိရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲကို မနက်ဖြန် စက်တင်ဘာ ၂၀ ရက်၊ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်မည်ဟု သိရသည်။

· ရုရှားနိုင်ငံကထွက်သည့် ပင်လယ်ငါးများကို မြန်မာနိုင်ငံတွင် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ပြီး ရုရှားကို ပြန်ပို့နိုင်ရေး ဆွေးနွေးသွားမည် ဖြစ်သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောသည်။

· ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေတုံး၊ ရွှေခဲ ရောင်းချခြင်း ပြုလုပ်ရာတွင် ကျပ်သိန်း(၂၀၀) အထက်အရောင်း အဝယ်ပြုလုပ်မှုများကို ဘဏ်စနစ်ဖြင့်သာ ဆောင်ရွက်ရမည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပြောသည်။

· ယာဉ်စစ်ဆေးခြင်းမပြုဘဲ လိုင်စင်သက်တမ်းတိုးပေးခြင်းကို ယခုနှစ်ကုန်အထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ စက်တင်ဘာလ ၁၉ ရက် တွင် ထုတ်ပြန်ကြေညာလိုက်သည်။

· မြစ်ဆုံသွားသည့် ပြည်ထောင်စုလမ်းမကြီးဘေး မြစ်ကြီးနားမြို့နယ်၊ အာလမ်ကျေးရွာတွင် လီဆူ တိုင်းရင်းသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် များက ယမန်နေ့ ညပိုင်းက အကြောင်းမဲ့ ပစ်သတ်ခဲ့ပြီး အလောင်းကို ချက်ချင်းမီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၁၉ ရက် သုံးသပ်ချက်

· ရခိုင်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများတွင် AA ဘက်က စစ်ရေးအရ အသာရနေပြီး စစ်ကောင်စီ တပ်ဘက်မှ လက်နက်ချသူများ ရှိနေသည်ဟု AA ဘက်က ထုတ်ပြန် ပြောဆိုလာသည်။ AA ပြောကြားချက်သည် မြေပြင်အခြေအနေနှင့် တကယ်လက်တွေ့ဖြစ်နေပြီး နိုင်ငံတစ်ဝန်း စစ်မျက်နှာဖွင့် တိုက်နေရသည့် စစ်ကောင်စီဘက်က စိတ်တိုင်းကျ အင်အားမသုံးနိုင်ဘဲ စစ်ရေးအကျပ်အတည်း ရင်ဆိုင်နေရသည်ဟု ပြောနိုင်သည်။

· နိုင်ငံတကာသံတမန်တိုက်ပွဲကို အမျိုးသားညီညွတ်ရေး အစိုးရကို ထောက်ခံမှုအားကောင်းနေသည်။ မြန်မာနိုင်ငံတွင် သာမက နိုင်ငံတကာတွင်ပါ ပြည်သူ့ဆန္ဒအမှန် ထုတ်ဖော်မှု အားကောင်းနေဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


评论

发表回复

您的电子邮箱地址不会被公开。 必填项已用 * 标注